>>>ကဆုန်လပြည့် (သို့) Full Flower Moon<<<
၂၀၁၇ ခုနှစ် မေလ ၁၀ ရက်နေ့ဟာ ကဆုန်လပြည့်ဖြစ်မယ့် အချိန်အခါသမယပဲ ဖြစ်ပါတယ်။ မြန်မာအခေါ်ကတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ပေါ့..
ကဆုန်လဟာ ၁၂ လ ရာသီမှာ ဒုတိယမြောက်လဖြစ်ပြီး ဗြိဿရာသီနှင့်တူတယ်လို့ ဆိုပါတယ်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့ရေးကြပါတယ်။ နောက်ပိုင်းမှာ “ကု” မှ “က”သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ်။
ဗုဒ္ဓဘာသာဝင်တို့အတွက် တန်ဖိုးမဖြတ်နိုင်သော လပြည့်နေ့တစ်ရက်ဖြစ်ရခြင်းအကြောင်းကတော့.. ကဆုန်လပြည့်နေ့ဟာ..
(၁) ဂေါတမ ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့
(၂) မဟာသက္ကရာဇ် ၆၈ ခုမှာ ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့
(၃) မဟာသက္ကရာဇ် (၁၀၃) ခု ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့
(၄) မဟာသက္ကရာဇ် ၁၄၈ ခု ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့
များနဲ့ တိုက်ဆိုင်နေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အတိုကောက်အားဖြင့်.."ဆု၊ ဖွား၊ ပွင့်၊ စံ" လို့ မှတ်သားကြပါတယ်။
ဒီလို လပြည့်မျိုးကို အမေရိကန် ရိုးရာအဆိုအရကတော့ Full Flower Moon လို့ခေါ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မျိုးမှာ ရာသီပန်းတွေ လှပ ဝေဆာစွာ ပွင့်လန်းကြလို့ပါဘဲ..။ ပန်းမြိုင်လယ်က လမင်းကြီးပေါ့.. တချို့ကတော့ ဒီလမင်းကြီးကို Full Corn Planting Moon ဒါမှမဟုတ Milk Moon လို့ ခေါ်ကြပြန်ပါတယ်။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)
No comments:
Post a Comment