Myanmar

Tuesday, August 30, 2016

>>>နေ၊ ကမ္ဘာ နှင့် လ<<<

>>>နေ၊ ကမ္ဘာ နှင့် လ<<<

နေ ဟာ စကြဝဠာကြီးထဲမှာရှိတဲ့ အဝါရောင်ကြယ်တစ်လုံးပါ။ ကျနော်တို့ နေဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၄.၆ ဘီလီယံ ရှိပါပြီ။

စပြီးဖြစ်ပေါ်လာတာကတော့ စကြာဝဠာထဲမှာ ဟိုက်ဒရိုဂျင်ဓါတ်ငွေ့ပါတဲ့ အမှုန်များ စတင်စုဝေး လည်ပတ်ရာက စတင်ခဲ့ပါတယ်။ စုဝေးရတဲ့အကြောင်းရင်ကတော့ စကြာဝဠာထဲမှာ gravitational attaction လို့ခေါ်တဲ့ ဆွဲငင်အား သက်ရောက်မှုတစ်ခုကြောင့် လို့ ဆိုနိုင်ပါတယ်။ နှစ်သန်းပေါင်းများစွာအတွင်းမှာ
ဟိုက်ဒရိုဂျင်နဲ့ ဟီလီယံ ဓါတ်ငွေ့ ပေါင်းမှုဖြစ်ပါတယ်။ အဲ့ဒီ့အခါမှာတော့G-Type ကြယ် (နေ) စတင်ပေါ်ပေါက်လာပါတယ်။
နှစ်သန်းပေါင်းများစွာကြာတဲ့အခါ ဟိုက်ဒရိုဂျင်သိပ်သည်းမှုများနှင့်အတူ ဗဟိုချက်မှာ နေဖြစ်လာမယ့် proto-star ဆိုတာ စတင်ဖြစ်ပေါ်လာပါတယ်။ နောက်ထပ် နှစ်သန်းပေါင်းများစွာ ကြာမြင့်သောအခါမှာ ဟိုက်ဒရိုဂျင်နဲ့ ဟီလီယံ ဓါတ်ငွေ့ ပေါင်းမှုဖြစ်ပါတယ်။ အဲ့ဒီ့အခါမှာ ကျနော်တို့ရဲ့ G-Type ကြယ် (နေ) စတင်ပေါ်ပေါက်လာပါတယ်။
ကြယ်ဖြစ်ပေါ်ချိန်မှ လည်ပတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဖုန်မှုန့်များဟာ စုဝေးလာပြီး ကျောက်သားများဖြစ်လာပါတယ်။ ကျောက်သားငယ်များ စုပေါင်းပြီး ကျောက်စိုင်များအသွင် ပြောင်းလာပါတယ်။ အဲဒီ့ကနေ တဖြည်းဖြည်း planetoids လို့ခေါ်တဲ့ ဂြိုဟ်တစ်ခုဖြစ်မယ့်အသွင် ပြောင်းလဲလာပါတယ်။ အဲ့ဒီ့ကနေပြီး ဂြိုဟ်တွေ စဖြစ်လာပါတော့တယ်။
ဆွဲငင်အားဗဟိုနဲ့နီးတဲ့ ဂြိုဟ်တွေမှာ ကျောက်သားပါဝင်မှု ပိုများပါတယ်။ အနည်းငယ်ဝေးတဲ့ ဂြိုဟ်တွေမှာတော့ ဓါတ်ငွေ့များပိုမို ပါဝင်ကြပါတယ်။

ကမ္ဘာဟာ အတွင်းပိုင်းနေအဖွဲ့အစည်း (Inner Solar System) ထဲမှာ ပါဝင်ပါတယ်။ နေကနေတွက်ရင် တတိယမြောက်ဂြိုဟ်ပေါ့။ နေကို မိုင်ပေါင်း ၉၃ သန်းအကွာကနေ လှည့်ပတ်နေပါတယ်။ မိမိဝင်ရိုးပေါ်မှာ ၂၃ ၁/၂ ဒီဂရီ တိမ်းစောင်းနေတယ်။ ဝင်ရိုးပေါ်မှာ ၂၄ နာရီကို တစ်ပါတ်နှုန်းနဲ့ လည်ပတ်နေပါတယ်။ နေ ရှိတဲ့အခြမ်းမှာ နေ့ဖြစ်ပြီး ကျန်တဲ့တဖက်ခြမ်းမှာတော့ ည ဖြစ်ပါတယ်။ တိမ်းစောင့်လှည့်ပတ်နေတာကြောင့် နေတာ၊ ညတာ (ရာသီအလိုက်၊ နေရာဒေသအလိုက်) ကွာခြားမှုတွေရှိပါတယ်။

ကမ္ဘာမှာ ကိုယ်ပွားလေးတစ်ခုရှိတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၄ ဘီလီယံကျော်က သီယာဆိုတဲ့ အင်္ဂါဂြိုဟ်အရွယ်အစားလောက်ရှိတဲ့ ဂြိုဟ်သိမ်တစ်ခု ဝင်တိုက်ခဲ့တယ်။ အဲ့ဒီ့အရှိန်ကြောင့် ကမ္ဘာပေါ်က အစိတ်အပိုင်းအချို့ဟာ အာကာသအတွင်းလွင့်စင်သွားပြီး.. ပြန်လည်စုပေါင်းရာက "လ" ဆိုတဲ့ အရံဂြိုဟ်လေး ဖြစ်လာခဲ့ပါတယ်။ လ ဟာ ကမ္ဘာကို ၅ ဒီဂရီ တိမ်းစောင်းပြီး ၂၇.၃ ရက်လျှင် တစ်ပါတ်နှုန်းနဲ့ လှည့်ပါတ်နေတယ်။ တချိန်တည်းမှာပဲ သူ့ဝင်ရိုးပေါ်မှာ ၂၇ ရက်လျှင် တစ်ပါတ်နှုန်းနဲ့ လည်နေပြန်တယ်။ အဲ့ဒီ့အချိန် ၂ ခု ထပ်တူညီနေတဲ့အတွက်.. ကျနော်တို့ လမင်းကြီးကို ဘယ်အချိန်ကြည့်ကြည့် မျက်နှာပြင်တစ်ဘက်တည်းကို မြင်နေရခြင်းဖြစ်ပါတယ်။

အနာဂတ်ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ)
.........................................................

Wednesday, August 24, 2016

ငလျင်လှုပ်ခတ်ပြီး ညောင်ဦးမြို့ ကနဦးသတင်း

ငလျင်လှုပ်ခတ်ပြီး ညောင်ဦးမြို့ ကနဦးသတင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့တွင် (၂၄-၈-၂၀၁၆)ရက်နေ့ ညနေ (၁၇: ၀၇)နာရီအချိန်ခန့်တွင် လှုပ်ခတ်သွားသောအင်အားရစ်(ခ်)တာစကေး ၆.၈ အဆင့်ရှိ အင်အားပြင်း ထန်သောမြေငလျင်ဒဏ်ကြောင့် ပုဂံညောင်ဦးမြို့ရှိ ထီးလိုမင်းလိုစေတီတော်ထီးတော်ပြိုကျခြင်း၊ ဓမ္မရံ ကြီးဘုရားမုဒ်ဦးပြိုကျခြင်း၊ ငါးမျက်နှာဘုရားအပျက်အစီးအနည်းငယ်ရှိခြင်း၊ ဘုရားအမှတ် ၁၆၁၆ ပျက်စီးခြင်း၊ ခေမိန္ဒဘုရားပျက်စီးခြင်း၊ မြစေတီစိန်ဖူးတော်ပြုတ်ကျခြင်း၊ အာနန္ဒာဘုရား အင်္ဂတေကွာကျခြင်း၊ တဘက်ကျစေတီထီးတော်မြေခခြင်းနှင့် အချို့အမည်မသိဘုရားအချို့ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်းကနဦးသတင်းရရှိ သည်။
News by MOI

ညောင်ဦး ပြန်/ဆက်

>>>စနေဂြိုဟ် နှင့် အင်္ဂါဂြိုဟ် ပူးမည်<<<

>>>စနေဂြိုဟ် နှင့် အင်္ဂါဂြိုဟ် ပူးမည်<<<

ဒီကနေ့ (သြဂုတ်လ ၂၄ ရက်) ညမှာတော့ တောင်ဘက်ကောင်းကင်ယံမှာ ဂြိုဟ် ၂ ခု ပူးခြင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။ သူတို့ ၂ ခုကတော့ မားစ် (ခ) အင်္ဂါဂြိုဟ် နဲ့ စေတန် (ခ) စနေဂြိုဟ်တို့ ပဲဖြစ်ပါတယ်။ တစ်ခုနှင့်တစ်ခု ၄°၂၁' အထိ ပူးကပ်နေကြမှာပါ။

မြန်မာနိုင်ငံမှ ကြည့်ရှုမည်ဆိုပါက.. ၄င်းအတွဲကို ည ၆ နာရီခွဲ နေဝင်ပြီးတာနဲ့ တောင်ဘက်မိုးကုတ်စက်ဝိုင်းရဲ့ ၅၂° အမြင့်မှာ ရှာကြည့်နိုင်ပါတယ်။ သာမန်မျက်စိနဲ့ ထင်ထင်ရှားရှား မြင်တွေ့ရနိုင်ပါတယ်။ မိုးကောင်းကင်ကြည်လင်နေဖို့လည်း လိုပါတယ်။ သူတို့အနီးမှာ အနီရောင် အန်းတရီး ကြယ် နဲ့ အခြား လင်းလက်တဲ့ ဗြိစ္ဆာကြယ်များလည်းရှိလို့ ကြယ်စုလေးတစ်ခုလို ဖြစ်နေမှာပါ။ (မားစ်၊ စေတန် နဲ့ အန်းတရီး ကြယ်တို့ကတော့ တစ်တန်းတည်း အနေအထားလောက်ဖြစ်ဖို့ ရှိပါတယ်။)

သူတို့အတွဲဟာ တောင်ဘက်မိုးကုတ်စက်ဝိုင်းအတွင်းကို တဖြည်းဖြည်းချင်း ဝင်ရောက်သွားမှာဖြစ်ပြီး ည သန်းခေါင်ယံချိန်မှာတော့ မိုးကုတ်စက်ဝိုင်းအောက်ကို ရောက်ရှိသွားမှာပါ။ သူတို့ ၂ ခု တည်ရှိနေတဲ့ ကြယ်တာရာကတော့ Ophiuchus လို့ခေါ်တဲ့ မြွေအလမ္မာယ် ကြယ်တာရာပဲ ဖြစ်ပါတယ်။ ဗြိစ္ဆာရာသီ ကြယ်တာရာများနှင့်လည်း နီးကပ်ပါတယ်။

အင်္ဂါ နဲ့ စနေ တို့ နီးကပ်ပြီးလျှင်တော့ လာမယ့် သြဂုတ်လ ၂၇ ရက်နေ့ (စနေနေ့) မှာ ဂျူပီတာ နဲ့ ဗီးနပ်စ် တို့ အနောက်အရပ်မှာ ပူးတွဲထွက်လာဖို့ ရှိနေပါတယ်။ ဂြိုဟ်တွေပူးတဲ့ လ တစ်ခုပါပဲ။

အာကာသဝါသနာရှင်များအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ)

Tuesday, August 23, 2016

တစ်ကမ္ဘာလုံး၏ အသည်းကို ကိုင်လှုပ်ခဲ့သည့် မြန်မာပြည်သားတစ်ဦး၏ အာဆီယံအဆင့် ပထမဆုရစာမူ

တစ်ကမ္ဘာလုံး၏ အသည်းကို ကိုင်လှုပ်ခဲ့သည့်
မြန်မာပြည်သားတစ်ဦး၏ အာဆီယံအဆင့် ပထမဆုရစာမူ

တစ်ကမ္ဘာလုံး၏ ရင်ထဲအထိရှဆုံး ဘာသာ(၆)မျိုးဖြင့် ပြန်ဆိုထုတ်ဝေခြင်းခံရသည့် မိဘအပေါ် ထားရှိသည့် ဆရာ မင်းသွေးငယ်၏ အာဆီယံအဆင့် ဘဝကိုယ်တွေ့ ဖြစ်ရပ်မှန်စာပေပြိုင်ပွဲ (Genuine Experience Based Literature Contest) ပထမဆုရ ရသစာပေ Post လေးပါ

မုဒိတာနှလုံးသားထဲက တဖိမ့်ဖိမ့် တသိမ့်သိမ့် ယိုစိမ့်လာတဲ့ စကား အမေကြားစေသော်ဝ်
**********************************
စာရေးဆရာ မင်းသွေးငယ် (ရာမညမြေ)

အမေရေ
အမေ သားကို အသက် (၄၅) နှစ်မှာ
လျော့ရဲ့ပျော့တွဲနေတဲ့ လက်မောင်းသား
မရှိတော့တဲ့ သဘာဝညှစ်အားကို ရင်းလို့
သေမင်းနဲ့သူနိုင်ကိုယ်နိုင် အပြိုင် စစ်ခင်းလို့ သွေးချင်းချင်းထုံအောင်
သံဖြူဇရပ်ဆေးရုံမှာ ခဲရာခက်ဆစ်
လူဖြစ်အောင် မွေးပေးခဲ့တယ်နော်

အခု အမေ့သား မင်းသွေးငယ်လေ
အမေပေးတဲ့ ခွန်အား အမေ့သွေးသားနဲ့ ဘဝစာမျက်နှာပေါင်းများစွာ ရုန်းကန်ရင်း
အကြိမ်ကြိမ် အခါခါ ဖြတ်သန်းနိုင်ခဲ့ပါရဲ့အမေ

သားမွေးနေ့ဟာ လာမယ့် ဇန္နဝါရီလ (၂၄ ) (အမေ့ကျေးဇူးတရားတွေထုံမွှမ်းမွှေးပျံ့နေ တဲ့ အမေများနေ့) ပေါ့အမေရယ်

သားငယ်စဉ်က အမေ ပြောပြောနေတဲ့ နိုးတစ်ဝက်အိပ်ပျက်ညတွေကြား လောကဓံကို သီချင်းလုပ်ဆိုရင်း မိုးစင်စင်လင်းခဲ့တဲ့ သားတို့ရဲ့ဘဝ
သားဘယ်တော့မှ မေ့မရခဲ့ဘူးအမေ

ကိုယ်ကျင့်သိက္ခာကို ဘယ်လိုလူ့လောကစည်းစိမ်နဲ့မှ မစတေးရ ဆိုတဲ့ အမေ့အမှာစကား
သား ဘယ်တော့မှ ပစ်ပယ်မထားခဲ့ဘူးအမေ

ကိုယ်လျောက်တဲ့လမ်း တပါးသူရဲ့ ပန်းထွက်လာတဲ့ သောကမျက်ရည်စက်တွေနဲ့ ရက်စက်စွာနင်းပြေး ခြေမဆေးမိစေနဲ့ ဆိုတဲ့အမေ့စကား သားဘယ်တော့မှ မေ့မရခဲ့ဘူးအမေ

ပညာတတ်နည်းတဲ့ ဟောဒီ ပတ်ဝန်းကျင်မှာ
ပညာတတ်သားသမီးကို နုံနုံခြာခြာ ဆင်းဆင်းရဲရဲ မွေးထုတ်ရဲတဲ့အမေ့ရဲ့မိခင် သတ္တိမျိုး ကမ္ဗည်းထိုးလောက်ပါတယ်အမေ

အမေဟာ သားသမီး (၈) ယောက်ကို နေပူပူ နှင်းသည်းသည်း ချွေးရွှဲရွှဲ ဘဝမျိုးစုံနဲ့ လောကဓံအနိမ့်အမြင့်တွေကြား
ယောက်ျားတွေ နည်းတူ မနားတမ်း ညမှောင်မှောင် အဆိပ်ပြင်းတောကောင်တွေကြား
ရာဘာစီးလှီး မငြီးမငြူ
ယုန်ရှာတောထွက် သမ္ဗာန်ခတ်ရဲတဲ့မိခင်ပေါ့

တကယ်တော့အမေဟာ
သားအတွက် စံတင်လောက်တဲ့
ဂန္ဓဝင်မြောက် အမေပေါ့ အမေရယ်

အမေ သားအပေါ် အုတ်တစ်ချပ်စာ မပေးဆပ်နိုင်ခဲ့ရင်တောင် သဲတစ်ပွင့်စာအမေ့ကျေးဇူးအတွက်
သားတစ်သက်လုံး ကျေးဇူးတင်နေမှာပါ

အမေ သားအပေါ်လမင်းကြီးလောက်
အလင်းမပေးနိုင်ခဲ့ရင်တောင်
ပိုးစုန်းကြူးတစ်ကောင်စာ အလင်းအတွက်
အမေ့ကျေးဇူးကို သားဒီတစ်သက် မမေ့ရက်ပါဘူးအမေရယ်

လူတွေတင်စားတဲ့ လပြည့်ညအလင်းဟာ
တိမ်ရောင်စုံအလှတွေနဲ့ လင်းပါရဲ့
ပန်းတွေနဲ့ သင်းပါရဲ့ ဂုဏ်တွေနဲ့ ထင်းပါရဲ့အမေ

ဒါပေမယ့် သူတို့က တိမ်မဖုန်းမီလေး သာနိုင်လင်းနိုင် သင်းနိုင်တာပါအမေ

လမိုက်ညကင်းတဲ့ အမေ့ကျေးဇူးတရားကို
ဘယ်တုန်းကမီခဲ့ဖူးလို့လဲ အမေရယ်

သားဒီစာလေးရေးနေတဲ့အချိန်မှာ MRTV မှာ
မယ် စင်္ကြဝဠာရွေးပွဲတွေ လာနေတယ်အမေ
သူတို့ကို တစ်ကမ္ဘ္ဘာလုံးက ပြုံးအလှပိုင်ရှင် လို့
သတ်မှတ်ထားပါရဲ့အမေ

ဒါပေမယ့်အမေရယ် သားကျောင်းက အပြန် အိမ်ရှေ့ပြတင်းပေါက်နားက ဆီးကြိုနေတတ်တဲ့
အမေ့ရဲ့ အသက် (၅၀) ကျော် အပြုံးကို
ဘယ်တုန်းက မီခဲ့ဖူးလို့လဲ အမေရယ်

သားလေ စာရေးလို့ ညောင်းလာတာနဲ့
အိမ်ရှေ့ဝရံတာကို ထွက်ကြည့်လိုက်တာ
သားတို့အိမ်ကို လေးဘက်လေးတန် ကာရံထားတဲ့
ခံ့ခံ့ထည်ထည် အုတ်တံတိုင်းကြီးကိုတွေ့တယ်

ဒါပေမယ့် သားသမီးတွေ နှင်းမယို မိုးမစို နေမခို အောင် ရင်အုပ်မကွာ ကာကွယ်ပေးခဲ့တဲ့ အမေ့ရဲ့ မေတ္တာတံတိုင်းကိုတော့ ဘယ်မီပါ့မလဲအမေရယ်

သားတို့ဘဝ နုနုငယ်ငယ် လူမမယ်ဘဝမျိုး မှာတောင်
နေခြည်ကြောင့် မညှိုး ဆစ်ပိုးလည်းမထိုးအောင် အရိပ်တကြည့်ကြည့် ပြုစုပျိုးထောင်ခဲ့တာ အမေပေါ့

သားအပေါ် အမေ
တစ်စက်စာပဲကောင်းကောင်း
တစ်ကွက်စာပဲ ကောင်းကောင်း
အမေ့အပေါ် ထားရှိတဲ့သားရဲ့သစ္စာ
ဘယ်တော့မှ မပြောင်းလဲပါဘူးအမေရယ်

အမေမရှိဘဲ မင်းသွးငယ်ဆိုတာ
ဖြစ်မလာနိုင်ဘူးအမေ

တကယ်လို့ အမေသာ
လူမှန်းမသိသေးတဲ့သားကို ကျီးထိုးထိုး ခွေးစားစား
လမ်းဘေးမှာ လူသူမသိ ပစ်ထားခဲ့ရင်
အခုနေ သားဘဝ ဘယ်ဘုံဘဝတောင် ရောက်နေပြီလဲ မတွေးရဲစရာပဲအမေရယ်

သားခု လို ပြည်သူတွေအတွက် စာရေးနိုင်ဖို့
ဆေးပညာနဲ့ လူ့အသက်ကိုကယ်တင်နိုင်ဖို့
ဆရာတစ်ယောက်အနေနဲ့ ထူးချွန်တပည့်တွေကို မွေးထုတ်နိုင်ဖို့ အမေလူဖြစ်ခွင့်ပေးခဲ့တယ်

ဒါတောင် မကသေး
လူသားဆန်ဖို့ နှလုံးသားတစ်စုံ

စဉ်းစားတတ်ဖို့ ဦးနှောက်တစ်စုံ

လောကကို ရှုမြင်တတ်ဖို့ မျက်ဝန်းတစ်စုံ

ကုသိုလ်တရားကို ဆုပ်ကိုင်ပြီး
အကုသိုလ်တရားတွေ လွှတ်ချနိုင်ဖို့ လက်တစ်စုံ

အမှန်တရားကို ကြားနာတတ်ဖို့ နားတစ်စုံ
သားအတွက် ပုံလို့ အကုန်ပေးခဲ့ပြီးပြီပဲအမေရယ် ဘာလိုသေးလို့လဲ

အမေဟာ အဖိုးအဖွားတွေအတွက် သမီးကောင်း
အဖေ့အတွက် ဇနီးမြတ် သားသမီးအတွက်
အသေခံချစ်တဲ့ ဧကန်စင်စစ် မိခင်ကောင်းပေါ့အမေ

အမေဟာ
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တစ်ဦးမဟုတ်ခဲ့ပေမယ့်
အိမ်တွင်းမီး အိမ်ပြင်မထွက်အောင်

အိမ်ပြင်က အပူမီး
အိမ်ထဲထိမစီးအောင်စွမ်းဆောင်ရင်း
ရေလာ နေသာအောင် လမ်းကလေးတွေဖောက်
ပေါက်နေတဲ့ ပေါင်းမြက်တွေကို ရှင်း
နှလုံးသားနဲ့ လမ်းခင်းပေးခဲ့သူပေါ့အမေ

အမေမှတ်မိသေးရဲ့လား
ဟိုး ရာမညမြေ ရာဘာတောတန်းလေးနားက
ယိုင်နဲ့နဲ့ အိမ်အိုကြီးမှာ ရာမညမြေ ရိုးရာသီချင်း မွန်လွမ်းချင်းလေးကို တကြော်ကြော်ဆို
အိုအေးအေးအိုနဲ့

အို ----ချို လိုက်တဲ့ အမေ့တမ်းချင်း
သားသမီးရင်ထဲကို စီးဆင်းလို့
မိသားစု ငြိမ်းချမ်းခြင်းကို
အခမဲ့ စွမ်းဆောင်ပေးခဲ့တာ အမေပေါ့

သားလေ
အမေမျိုးစုံကို တွေ့ခဲ့ဖူးတယ်အမေ

မှောင်ပျပျ အရိပ်ကိုခိုလို့
ဓါတ်မီးတိုင်အောက် ကြောက်လန့်တကြား
မိန်းမသားသတ္တိအားနဲ့
သားသမီးတွေ ညမှာအမှေးသား အိပ်စက်နိုင်ဖို့် သွေးသားပေးဆပ်နေရတဲ့အမေ

ခဝါသည်ဘဝနဲ့ ရေငင်ရင်း မမြင်မစမ်း
ဗွမ်းခနဲ ရေတွင်းထဲကျ သေပွဲဝင်ခဲ့ရတဲ့အမေ

မိုးရေတက်ရေတွေကြား ဗွက်ထူထူ စိုစိုရွှဲရွှဲ
လယ်ခင်းထဲမိုးမိ ပိုးထိသေခဲ့တဲ့အမေ

နေမကောင်းလျက်သား
တောင်ယာခုတ်ရင်း အားယုတ်သေခဲ့တဲ့အမေ

သားသမီးတွေရဲ့ အရှက်နဲ့ သိက္ခာအတွက် ပေးဆပ်
သွေးထွက်သေခဲ့တဲ့အမေ

အမျိုးအတွက်အနေမှန် အသေခံခဲ့တဲ့အမေ

လူမသိ သူမသိ သေခဲ့တဲ့အမေ

စတဲ့ စတဲ့ အမေများစွာ ဒီလောကကမ္ဘ္ဘာမြေမှာ ရှိခဲ့ဖူးပါပေါ့အမေရယ်

အမေတို့တို့လို လူသားတွေကြောင့် 
လောကဟာခေတ်အဆက်ဆက်
လူသားမျိုးဆက်တွေ တည်ရှိနေခဲ့တာပေါ့

အခုတော့ အမေ သားတို့ကို့ 
ထာဝရ နှုတ်ဆက်ခဲ့ပြီနော်

ကင်ဆာဆိုတဲ့ မရဏ ဓါးသွားထက်ထက်က
သားနဲ့ အမေအကြား သံယောဇဥြ်ကိုးကို
ရက်ရက်စက်စက် ပိုင်းဖြတ်
တစစီကွဲထွက်ခဲ့ရပြီ အမေ

တကယ်တော့
ကင်ဆာဆိုတာ လူကိုပဲ သတ်နိုင်တာပါ
အမေနဲ့ သားအကြား မေတ္တာတရား ကို
ဘယ်လိုမှမခွဲဖြတ်နိုင်ပါဘူးအမေရယ်

ခုလည်းလေ
မမြဲခြင်းတရားကို သားနားလည်ပေမယ့်
ကောင်းမွန်တဲ့ဘုံဘဝတစ်ခုမှာ
အမေနဲ့သား ပြန်လည်ဆုံတွေ့နိုင်တဲ့အထိ
လောကနိယာမတရားအောက်မှာ
သား ဆင်ခြင်ပြီး နေခဲ့ပါ့မယ် အမေ

အမေကွယ်လွန်ခဲ့တာ ၄ နှစ်တင်းတင်းရှိခဲ့ပေမယ့်
အမေမရှိတော့မှန်း သိရက်နဲ့

သားလေ
နောင်များဆို
ရာမညမြေမြေက အမေ့အိမ်အိုလေးဆီ
တစ်နှစ်တစ်ခေါက် ပြန်ရောက်တိုင်း
မပြင်နိုင်တဲ့အကျင့်ဟောင်းတစ်ခုကြောင့်
အမေအိပ်နေကျ အခန်းဝနားက ခန်းစီးလိုက်ကာစလေးကို
ဖွင့်ဟကြည့်မိနေဦးမယ်အမေ

သားလေ
အမေ့အကြောင်းကို ဆံဖြူသွားကျိုး အဘိုးအိုကြီး ဖြစ်တဲ့အထိ ပြောဖြစ် ရေးဖြစ် တွေးဖြစ်နေဦးမယ်အမေ

ဆေးရုံတစ်ဘက် အတန်းတစ်ဘက်
မအားလပ်နိုင်တဲ့သား
လူပုံအလယ် မငိုမိအောင် ဣနြေ္ဓဆယ်နေတဲ့ကြား
အမေ့ကိုလွမ်းတဲ့အားနဲ့
မျက်ရည်တွေ ဝဲမိနေဦးမယ် အမေ

သား အမေ့အတွက် ဂုဏ်ယူခဲ့သလို
အမေလည်း သားအတွက် ဂုဏ်ယူပေးပါနော်

ဘယ်လိုပဲဖြစ်ဖြစ် ခြေစုံလက်စုံလူသားအဖြစ်
ခဲရာခက်ဆစ် လူဖြစ်ခွင်ပေးခဲ့တဲ့အမေ့ကို သားတစ်သက်လုံးကျေးဇူးတင်နေမှာပါအမေ

သားရဲ့ မွေးနေ့ (အမေလူဖြစ်ခွင့်ပေးခဲ့တဲ့နေ့)မှာ ကောင်းမှုအစုစုအတွက် အမေရောက်ရာအရပ်က သာဓုခေါ်ပေးပါအမေ
*********************************
မင်းသွေးငယ်

မူရင်းအား credit

Monday, August 22, 2016

အမြဲရှုံးနေသည့် ပါတီ ကမ္ဘာပေါ်တွင် မရှိဟု USDP ဥက္ကဋ္ဌ ဦးသိန်းစိန်ပြော

အမြဲရှုံးနေသည့် ပါတီ ကမ္ဘာပေါ်တွင် မရှိဟု USDP ဥက္ကဋ္ဌ ဦးသိန်းစိန်ပြော
=================================
၂၂..၈..၁၆
-
ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံများတွင် အမြဲနိုင်နေသည့် ပါတီ မရှိသလို အမြဲရှုံးနေသည့် ပါတီမျိုးလည်း မရှိကြောင်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ဥက္ကဋ္ဌ ဦးသိန်းစိန်က ယနေ့နံနက် နေပြည်တော်ရှိ ပါတီ ရုံးချုပ်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ပါတီ ညီလာခံ အဖွင့် မိန့်ခွန်းတွင် ပြောဆိုလိုက်သည်။
-
သမ္မတဟောင်းလည်း ဖြစ်သော ဦးသိန်းစိန်က ကမ္ဘာ့နိုင်ငံများရှိ နိုင်ငံရေး ပါတီများသည် မိမိတို့ပါတီကို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု အဖြာဖြာကို ကျွမ်းကျင်နှံ့စပ်ရန် မပြတ်လေ့လာ ပြင်ဆင်ကြပြီး အချိန်အခါ ရောက်လာ ၍ ပြည်သူက ရွေးချယ် တာဝန်ပေးအပ်ပါက စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်အောင် ပြင်ဆင်ထားကြကြောင်း၊ ပြည်သူများက လည်း မည်သည့် ပါတီကို နိုင်ငံ့တာဝန် ပေးအပ်ရင် ကောင်းမည်နည်းဟု စဉ်းစားပြီး မဲပေးရွေးချယ်ကြခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ပါတီလည်း အလားတူ ပြင်ဆင်ထားရမည် ဖြစ်ကြောင်း ဆိုသည်။
-
ပြည်သူ့ပါတီဖြစ်ရန်အတွက် ပြည်သူနှင့် အမြဲထိတွေ့နေပြီး ပြည်သူနှင့် တသားတည်း ရှိနေကြရမည် ဖြစ်ရာ၊ ပြည်သူလူထု ၏ အခက်အခဲ အကြပ်အတည်းများကိုလည်း ကူညီဖြေရှင်းပေးကြရန် လိုကြောင်း၊ အခြေအနေမှန်များကို သိရန် အောက် ခြေ အထိ ကွင်းဆင်း ထိတွေ့
နေကြရန်လည်း လိုကြောင်း၊ တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်း လုပ်ကိုင်
ရာတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး နှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကိစ္စရပ်များကို တချိန်တည်း တပြိုင်တည်း ဆောင်ရွက်ရုံသာ မက ကဏ္ဍ
အသီးသီးတွင် တိုးတက်ရန် ကြိုးစား လုပ်ဆောင်ကြရမည် ဖြစ်ကြောင်းလည်း သူက ပြောသည်။
-
တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို ရှေးရှုဦးတည်လျက် လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ကို အခြေခံပြီး ဒီမိုကရေစီ အရေး၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေးနှင့် အာမခံချက်များ ပါရှိသည့် ဒီမိုကရေစီနှင့် စစ်မှန်သည့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်
စုကြီး ထူထောင် တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးပါတီ များ၊ တိုင်းရင်းသား ပြည်သူများ အားလုံးနှင့်အတူ ၀ိုင်းဝန်းပါဝင် ကြိုးပမ်း
ဆောင်ရွက်ကြပါဟုလည်း ဦးသိန်းစိန်က တိုက်တွန်း သွားသည်။

ဦးသိန်းစိန်၏ ပါတီညီလာခံ အဖွင့်မိန့်ခွန်းနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း က ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံများတွင် ပါတီ
တခုက အမြဲမနိုင်ဆိုသည်မှာ အခြေခံအားဖြင့် မှန်သော်လည်း မြန်မာနိုင်ငံ
တွင်မူ USDP ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ဘာကြောင့် ရှုံးခဲ့သည်ကို ပြန်လည် သုံးသပ်နိုင်မှသာလျှင် အနာဂတ်တွင် မှန်ကန်သော အဖြေကို ရရှိလိမ့်မည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
-
“ပါတီစုံ ဒီမိုကရေစီခေတ် မရောက်ခင်က အစိုးရအဆက်ဆက်ရဲ့ ချို့ယွင်း
အားနည်းချက်တွေ ရှိခဲ့တယ်။ အထူးသဖြင့် Corruption (အဂတိလိုက်စားမှု) ကို ပြည်သူလူထုက တော်တော် စိတ်ပျက်ခဲ့တယ်။ အဲဒီ အကျိုးဆက်ကို ဦးသိန်းစိန် အစိုးရ ခံသွားရတာပဲ။ ပြောရရင် ပါတီမှာ သန့်စင်တဲ့ ခေါင်း
ဆောင်မှုမျိုးလိုတယ်”ဟုလည်း ဦးရဲထွန်းက ပြောဆိုသည်။
-
ယနေ့ပြုလုပ်သည့် USDP ပါတီ၏ ဒုတိယအကြိမ် ပါတီညီလာခံကို သတင်းမီဒီယာများအား ၀င်ရောက် သတင်းယူခွင့် မရှိပြုခဲ့ပေ။
=========
ဧရာဝတီ

Monday, August 8, 2016

ထူးခြားတဲ့ ကြယ်မိုးရွာခြင်း ဖြစ်ပေါ်မည့် သြဂုတ်လ ၁၂ ည၊ ၁၃ မနက်

ကြယ်ကြွေတယ်၊ ကြယ်မိုးရွာတယ်ဆိုတာကတော့ အာကာသအတွင်းက ဥက္ကာခဲလေးတွေ ကမ္ဘာလေထုနဲ့ ပွတ်တိုက်မိရာက ထွက်ပေါ်လာတဲ့ အလင်းတန်းများ ဖြစ်ပါတယ်။
၁၈၆၂ ခုနှစ်က Swift-Tuttle လို့ အမည်ပေးထားတဲ့ ကြယ်တံခွန်တစ်ခုဟာ နေကိုဦးတည်လှည့်ပါတ်သွားရင်း သူသွားခဲ့တဲ့ လမ်းတလျှောက်.. ဖုန်မှုန့်နဲ့ ကျောက်ခဲများစွာကို ချန်ထားခဲ့ပါတယ်။ ကျနော်တို့ ကမ္ဘာဟာ ဒီလမ်းကြောင်းကို့  နှစ်စဉ် ဇူလိုင်လ ၁၇ ရက်မှ သြဂုတ်လ ၂၄ ရက်အတွင်း ဖြတ်သန်းပါတယ်။ ကမ္ဘာပေါ်ကနေ ကြည့်လျှင်တော့ ပါးစီးယပ်စ် လို့ခေါ်တဲ့ ကြယ်တာရာမှာ မြင်တွေ့ရနိုင်ပါတယ်။
၂၀၁၆ ခုနှစ်အတွက် ထူးခြားချက်ကတော့ ယခင်နှစ်တွေထက် ပိုများတဲ့ ကြယ်မိုးရွာခြင်းကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တစ်နာရီကို အလုံး ၈၀ မှ ၁၀၀ ကြား ကြွေတတ်ပေမယ့်.. ယခုနှစ်မှာတော့ ထူးထူးခြားခြား တစ်နာရီကို အလုံး ၂၀၀ လောက်အထိကျဆင်းနိုင်ပါတယ်။ မိုးတိမ်ကင်းစင်ပြီး ပြင်ပအလင်းရောင်အနှောင့်အယှက် ကင်းတဲ့နေရာက ကြည့်မယ်ဆိုလျှင်တော့.. လှပလင်းလက်တဲ့ ကြယ်မိုးများကို သင်မြင်တွေ့ရမှာပါ..။
မြန်မာနိုင်ငံမှ ကြည့်ရှုရမယ့် ရက်များကတော့ သြဂုတ်လ ၁၁ ည (၁၂ မနက်) မှ ၁၃ ည (၁၄ မနက်) အထိ ဖြစ်ပါတယ်။ ကြည့်ရှုရမယ့် နေရာကတော့ ပါးစီးယပ် ကြယ်တာရာတည်ရှိနေတဲ့ အရှေ့မြောက်ဘက် ကောင်းကင်ရဲ့ ၁၄ ဒီဂရီအမြင့်မှာပါ။ (မှတ်ချက်။ ပါးစီးယပ် (Perseus) ကြယ်တာရာထွက်မှ မြင်ရမှာဖြစ်ပါတယ်။) ကြည့်ရမယ့်အချိန်ကတော့ သန်းခေါင်ကျော်ချိန် (၁၂ နာရီ နောက်ပိုင်း) မှာ ဖြစ်ပါတယ်။
ကြယ်တာရာ ထွက်ပြီ ၊မထွက်ပြီကို Star Chart လို Software များသုံးပြီး ကြည့်လို့ရပါတယ်။ ကြယ်များဟာ အမှတ်တစ်ခုမှ ဖြာဆင်းလာသလို လှပလင်းလက်စွာ ကြွေကျသွားမှာဖြစ်ပါတယ်။
ပါးစီးယပ်စ် ဆိုတာကတော့ ဂရိဒဏ္ဍာရီထဲက ချစ်သူ အန်ဒရိုမီဒါ မင်းသမီးလေးကို သက်စွန့်ဆံဖျား ကယ်တင်ခဲ့တဲ့ သူရဲကောင်းတစ်ဦးပါပဲ..။ ဒီကြယ်တာရာမှာ ကြယ်ကြွေခြင်းနဲ့ တိုက်ဆိုင်ပြီး နိုင်ငံဦးဆောင်မှုပိုင်းအချို့ အပြောင်းအလဲ ရှိနိုင်ပါတယ်..။
အနာဂတ် လူငယ်များအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)





Saturday, August 6, 2016

ဒိုင်နိုဆောများ မျိုးသုဉ်းပျောက်ကွယ်စေခဲ့သော ဥက္ကာခဲ ကျရောက်မှု

နေအဖွဲ့အစည်းအတွင်း အင်္ဂါဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်ကြားမှာ ဂြိုဟ်သိမ်ဂြိုဟ်ပဲ့တွေဟာ ခါးပတ်ကွင်းတစ်ခုလို နေကိုလှည့်ပါတ်နေကြပါတယ်။ အဲ့ဒီ့အထဲက ဂြိုဟ်သိမ် ဂြိုဟ်ပဲ့များဟာ မကြာခဏဆိုသလို နေရှိရာဘက်သို့ ဦးတည် လွင့်ထွက်လာတတ်ပါတယ်။ အဲ့ဒီ့လမ်းကြောင်းမှာ ကမ္ဘာကရှိလေတော့.. တခါတရံမှာ ဂြိုဟ်သိမ် ဂြိုဟ်ပဲ့များဟာ ကမ္ဘာလေထုထဲကို ဝင်ရောက်ပြီး ဥက္ကာခဲအဖြစ်နဲ့ ကျရောက်လာကြပါတော့တယ်..။ (နောက်ဆုံးပုံ)
လွန်ခဲ့သော နှစ်ပေါင်း ၆၅ သန်းက အလျား ၁၀ ကီလိုမီတာ (၆မိုင်)လောက် ကြီးမားတဲ့ ဥက္ကာခဲတစ်လုံးဟာ ကမ္ဘာကြီးပေါ်ကို ကျရောက်ခဲ့ဖူးပါတယ်။ အဲ့ဒီ့အချိန်တုန်းက ကမ္ဘာပေါ်မှာ လူသားတွေဆိုတာ မရှိသေးပါဘူး။ (လူဟာ လွန်ခဲ့သော နှစ် ၂ သန်းကမှ စဖြစ်ခဲ့တာပါ။) အပင်တွေ နဲ့ တိရိစ္ဆာန်တွေသာ ရှိပါသေးတယ်။ အဲ့ဒီ့ထဲမှာ အကြီးဆုံးအကောင်များကတော့ ဒိုင်နိုဆောများ ဖြစ်ပါတယ်။ ဥက္ကာခဲကြီးကျရောက်ခဲ့တဲ့အတွက် အဲ့ဒီ့အချိန်က ရှိခဲ့တဲ့ သက်ရှိတော်တော်များများ သေဆုံးသွားခဲ့ကြပါတယ်။
ဘယ်လိုသိသလဲ..။ အီတလီနိုင်ငံ ရောမမြို့နဲ့ ဖလောရန့် မြို့ကြားထဲမှာ သိပ္ပံပညာရှင်များဟာ ကျောက်ဖြစ်ရုပ်ကြွင်းများနဲ့ အီရီဒီယမ် (Ir) ဒြပ်စင်များစွာ ပါဝင်တဲ့ ကျောက်သားများကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အီရီဒီယမ်ဟာ ကမ္ဘာပေါ်မှာ တွေ့ရခဲတဲ့ ဒြပ်စင်မျိုးပါ။ ဒါပေမယ့် စောစောကပြောတဲ့ နေရာက ဂြိုဟ်သိမ်၊ ဂြိုဟ်ပဲ့တွေမှာ အများဆုံး ရှိတတ်ပါတယ်။ သိပ္ပံပညာရှင်များဟာ အီရီဒီယမ် ပါဝင်တဲ့ မြေသားတွေကို ကမ္ဘာအနှံ့က မတူညီတဲ့ နေရာ ၅၀ လောက်မှာ ရှာတွေ့ခဲ့ပါတယ်။ ဆိုလိုတာကတော့ ဥက္ကာခဲကြီးကျရောက်ခဲ့ခြင်းနှင့်အတူ လွင့်စင်လာတဲ့ အမှုန်အမွှားများစွာဟာလည်း နေရာအနှံ့ကို ပြန့်ကျဲခဲ့တယ်လို့ ယူဆနိုင်ပါတယ်။
နောက်တစ်ခုက မက္ကဆီကို ပင်လယ်ကွေ့ အရှေ့မြောက်ဘက်က Chicxulub crater ဆိုတဲ့ နေရာပါ။ အဲ့ဒီ့နေရာကတော့ ဥက္ကာခဲကြီးကျရောက်ခဲ့တဲ့ နေရာလို့ ဆိုနိုင်ပါတယ်။ တချို့ကလည်း တချိန်တည်းမှာ အိန္ဒိယ သမုဒ္ဒရာဘက်ကိုလည်း နောက်ထပ် ဥက္ကာခဲ တစ်လုံး ထပ်ကျခဲ့တယ်လို့ ဆိုကြပါတယ်။
ဥက္ကာခဲ ကျရောက်တဲ့ အရှိန်ကြောင့်.. ပြင်းထန်သော ပေါက်ကွဲမှုကြီး (နျူကလီးယားကဲ့သို့) ဖြစ်ပေါ်ခဲ့ပြီး လွင့်စင်သွားတဲ့ မြေသားဖုန်မှုန့် များစွာဟာ ကောင်းကင်ထက်ကနေ နေရောင်ခြည်ကို ပိတ်ကာထားသလို ဖြစ်သွားခဲ့ပါတယ်။ ဆူနာမီရေလှိုင်းတွေကလည်း နေရာအနှံ့အပြား တိုက်စားသွားပြီး တောမီးတွေလည်း တဟုန်းဟုန်း လောင်ကျွမ်းခဲ့ပါတယ်။
အပူချိန်ဟာလည်း ရုတ်တရက် ပြုတ်ကျ အေးခဲသွားပါတယ်။ နေရောင်ခြည်မရှိတဲ့အတွက် အပင်တွေ သေကုန်ပါတယ်။ အပင်ကိုစားသော Herbivorous မျိုးနွယ် ဒိုင်နိုဆောတွေ နဲ့ တိရိစ္ဆာန်တွေ သေကျေခဲ့ကြပြီးနောက်မှာတော့ အသားစားတဲ့ carnivorous ဒိုင်နိုဆောတွေ မျိုးသုဉ်း ပျောက်ကွယ်သွားကြပါတော့တယ်..။
ကိုးကား။ ။ BBC World
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)




၂၂ ရာစုမှာ ကမ္ဘာကိုဝင်တိုက်မယ့် ဂြိုဟ်သိမ် ဘန်နူး

နာဆာရဲ့ ဂြိုဟ်သိမ် ဂြိုဟ်ပဲ့ လေ့လာရေး အစီအစဉ်မှ ကမ္ဘာကို အန္တရာယ်ပြုနိုင်မယ့် ဂြိုဟ်သိမ် ဂြိုဟ်ပဲ့များကို လေ့လာလျှက်ရှိပါတယ်။ ဘန်နူး (Bennu) လို့ အမည်ပေးထားတဲ့ မီတာ ၅၀၀ (၁၆၅၀ ပေ) အကျယ်ရှိတဲ့ ဂြိုဟ်သိမ် ဂြိုဟ်ပဲ့ တစ်ခုဟာ ၂၂ ရာစု နှောင်းပိုင်းမှာ ကမ္ဘာကို ဝင်တိုက်နိုင်တယ်လို့ တွက်ချက်ထားပါတယ်။
ဒီ့ထက်ပိုပြီး သေချာတိကျစွာ ပြောနိုင်ဖို့အတွက် ဒေါ်လာ သန်း ၈၀၀ လောက်ကုန်ကျမယ့် OSIRIS-REx (Origins, Spectral Interpretation, Resource Identification, Security, Regolith Explorer) အာကာသ စီမံကိန်းတစ်ခုကို ရေးဆွဲထားပါတယ်။ လာမယ့် စက်တင်ဘာလ ၈ ရက်နေ့မှာ လွှတ်တင်တော့မှာပါ။
ဒီအာကာသယာဉ်ဟာ ဘန်နူးကို ချဉ်းကပ်ဖို့ ၂ နှစ်ကြာ ခရီးနှင်မှာဖြစ်ပြီး သြဂုတ်လ ၂၀၁၈ မှာ ရောက်ရှိမှာဖြစ်ပါတယ်။ ဂြိုဟ်သိမ်ကို အနီးကပ်မလေ့လာမီ ၂ နှစ်လောက် သူ့ရဲ့ ပတ်လမ်းအနေအထားကို လေ့လာမှာဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လ မှာတော့ သူ့ရဲ့ ကျောက်သား နမူနာကို ၂.၁ အောင်စ (၆၀ ဂရမ်) လောက်ထုတ်ယူ လေ့လာမှာဖြစ်ပါတယ်..။ ၂၀၂၃ ခုနှစ်မှာတော့ ဘန်နူးရဲ့ နမူနာကျောက်သားကို ကမ္ဘာကို ပြန်လည်ယူဆောင်လာပြီး ဓါတ်ခွဲစမ်းသပ်မှာပါ။
ဘန်နူးရဲ့ ပတ်လမ်းကြောင်းနဲ့ ကျောက်သားအနေအထားကို အသေးစိပ် လေ့လာပြီးလျှင်တော့.. ကမ္ဘာနဲ့ ထိတွေ့နိုင်ချေ အနေအထားကို တိကျစွာ သုံးသပ်နိုင်မှာဖြစ်ပြီး ၂၁၃၅ ခုနှစ်မှာ သူရောက်ရှိမယ့်နေရာ (တနည်း) ကမ္ဘာကို တိုက်နိုင်မယ့် ဝင်ရောက်လမ်းကြောင်းကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ အဲ့ဒီ့ လမ်းကြောင်းထဲကို ဝင်လာပြီဆိုလျှင်တော့ ၂၁၈၅ ခုနှစ်မှာ ကမ္ဘာကို လာရောက်တိုက်မိဖို့ သေချာသလောက်ဖြစ်သွားပါပြီ..။
ဒါပေမယ့်လည်း.. တိုးတက်လာနေတဲ့ ကမ္ဘာကြီးမှာ ခေတ်မှီလက်နက်ဆန်းတွေနဲ့ ဂြိုဟ်သိမ်ကို ချေဖျက်နိုင်လောက်ပါတယ်။ နောက်ပြီး.. ကမ္ဘာတစ်ခုလုံးကို ဒုက္ခပေးနိုင်ဖို့ဆိုလျှင်တော့ ဂြိုဟ်သိမ်ဟာ အနည်းဆုံး ၁ ကီလိုမီတာ (၀.၆ မိုင်) လောက်ရှိဖို့လိုပါတယ်။ (ဒိုင်နိုဆော တွေကို မျိုးသုဉ်းသွားစေတဲ့ ဂြိုဟ်သိမ်ဆိုလျှင် ၁၀ ကီလိုမီတာ (၆ မိုင်) လောက် ရှည်လျှားပါတယ်။)
အနာဂတ် လူငယ်များအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)