>>>စနေဂြိုဟ် နှင့် အင်္ဂါဂြိုဟ် ပူးမည်<<<
ဒီကနေ့ (သြဂုတ်လ ၂၄ ရက်) ညမှာတော့ တောင်ဘက်ကောင်းကင်ယံမှာ ဂြိုဟ် ၂ ခု ပူးခြင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။ သူတို့ ၂ ခုကတော့ မားစ် (ခ) အင်္ဂါဂြိုဟ် နဲ့ စေတန် (ခ) စနေဂြိုဟ်တို့ ပဲဖြစ်ပါတယ်။ တစ်ခုနှင့်တစ်ခု ၄°၂၁' အထိ ပူးကပ်နေကြမှာပါ။
မြန်မာနိုင်ငံမှ ကြည့်ရှုမည်ဆိုပါက.. ၄င်းအတွဲကို ည ၆ နာရီခွဲ နေဝင်ပြီးတာနဲ့ တောင်ဘက်မိုးကုတ်စက်ဝိုင်းရဲ့ ၅၂° အမြင့်မှာ ရှာကြည့်နိုင်ပါတယ်။ သာမန်မျက်စိနဲ့ ထင်ထင်ရှားရှား မြင်တွေ့ရနိုင်ပါတယ်။ မိုးကောင်းကင်ကြည်လင်နေဖို့လည်း လိုပါတယ်။ သူတို့အနီးမှာ အနီရောင် အန်းတရီး ကြယ် နဲ့ အခြား လင်းလက်တဲ့ ဗြိစ္ဆာကြယ်များလည်းရှိလို့ ကြယ်စုလေးတစ်ခုလို ဖြစ်နေမှာပါ။ (မားစ်၊ စေတန် နဲ့ အန်းတရီး ကြယ်တို့ကတော့ တစ်တန်းတည်း အနေအထားလောက်ဖြစ်ဖို့ ရှိပါတယ်။)
သူတို့အတွဲဟာ တောင်ဘက်မိုးကုတ်စက်ဝိုင်းအတွင်းကို တဖြည်းဖြည်းချင်း ဝင်ရောက်သွားမှာဖြစ်ပြီး ည သန်းခေါင်ယံချိန်မှာတော့ မိုးကုတ်စက်ဝိုင်းအောက်ကို ရောက်ရှိသွားမှာပါ။ သူတို့ ၂ ခု တည်ရှိနေတဲ့ ကြယ်တာရာကတော့ Ophiuchus လို့ခေါ်တဲ့ မြွေအလမ္မာယ် ကြယ်တာရာပဲ ဖြစ်ပါတယ်။ ဗြိစ္ဆာရာသီ ကြယ်တာရာများနှင့်လည်း နီးကပ်ပါတယ်။
အင်္ဂါ နဲ့ စနေ တို့ နီးကပ်ပြီးလျှင်တော့ လာမယ့် သြဂုတ်လ ၂၇ ရက်နေ့ (စနေနေ့) မှာ ဂျူပီတာ နဲ့ ဗီးနပ်စ် တို့ အနောက်အရပ်မှာ ပူးတွဲထွက်လာဖို့ ရှိနေပါတယ်။ ဂြိုဟ်တွေပူးတဲ့ လ တစ်ခုပါပဲ။
အာကာသဝါသနာရှင်များအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)
No comments:
Post a Comment