Myanmar

Monday, November 14, 2016

စူပါမွန်းဖြစ်မည့်...တန်ဆောင်မုန်းလပြည့်ည

တန်ဆောင်တိုင် ဆိုတာကတော့ မီးတိုင်၊ မီးပုံး များကို ဆိုလိုပါတယ်။ အခုလို မိုးအကုန် ဆောင်းအကူးကာလမှာ မြူခိုး မြူငွေ့လေးတွေ သိပ်ကို ထူထပ်တတ်ပါတယ်။ အထူးသဖြင့် နံနက်စောစော အချိန်များမှာ ဘာမှ သဲသဲကွဲကွဲ မမြင်ရလောက်အောင်ပါဘဲ..။ အဲ့ဒီ့အတွက်ကြောင့် ခရီးသွားများဟာ တန်ဆောင်တိုင်မီးများကို မုန်းလောက်အောင် ကိုင်ဆွဲပြီး သွားလာကြရပါတယ်။ အဲ့ဒီလို တန်ဆောင်တိုင်မီး တမုန်းကိုင်ရတာကို အစွဲပြုလို့ တန်ဆောင်မုန်း လ ရယ်လို့ ခေါ်ဆိုခဲ့ကြတယ်လို့ မှတ်သားဖူးပါတယ်။

၂၀၁၆ နိုဝင်ဘာလ ၁၄ ရက်နေ့ ညချမ်းမှာတော့.. လမင်းကြီးဟာ နေ နဲ့ ဆန့်ကျင်ဘက်အရပ်တည့်တည့်မှာ ကျရောက်မှာဖြစ်လို့ အပြည့်အ၀ လင်းလက်တောက်ပမှာဖြစ်ပါတယ်။ နောက်ပြီး လ ဟာ ကမ္ဘာနဲ့ အနီးဆုံးနေရာဖြစ်တဲ့ ပတ်လမ်းကြောင်းနေရာမှာ ရောက်ရှိနေတဲ့အတွက် လမင်းကြီးကို ပုံမှန်အရွယ်အစားအထက် ပိုမိုကြီးမားစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကို အင်္ဂလိပ်လို စူပါမွန်း (Super Moon) လို့ခေါ်ပါတယ်။

ဒီလပြည့်မျိုးကို အမေရိကန်ရိုးရာအဆိုအရ ဖျံကြီးလ (Full Beaver Moon) လို့ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလပြည့်ညမှာ ဖျံကြီးတွေကို ဖမ်းဖို့ ထောင်ချောက်တွေ ဆင်ကြလို့ပါ။ မကြာခင် ရေလွှမ်းခြင်း၊ မြစ်များ ခဲသွားခြင်း ဖြစ်တဲ့အခါမှာ ဒီလို ဖျံကြီးတွေက ကုန်းပေါ်ကို တက်လာတတ်ကြပါတယ်။ တချို့ကတော့ ဒီလပြည့်နေ့ကို နှင်းခါးလ (Frosty Moon) နဲ့ မုဆိုးလ(Hunter's Moon) လို့လဲ ခေါ်ကြပါတယ်။

တန်ဆောင်မုန်း လပြည့်ညဟာ ကောင်းကင်မှာ ကောင်းသော နက္ခတ်၊ ကြယ်တာရာ တွေစုံတဲ့အချိန်ဖြစ်ပါတယ်။ အဲ့ဒီ့ နက္ခတ်တွေရဲ့ ရောင်ခြည်ဟာ မယ်ဇလီဖူးတွေဆီမှာ သွားစုတယ်လို့ ယုံကြည်ကြတဲ့အတွက် ကျနော်တို့ မြန်မာလူမျိုးများဟာ ဒီလပြည့်ညသန်းခေါင်ချိန်မှာ မယ်ဇလီဖူးတွေကို သုပ်စားကြပါတယ်။ နောက်ပြီး မဉ္ဇူသက နတ်ပန်းပင်လို့ ခေါ်တဲ့ သစ်ပင်ဟာ တန်ဆောင်မုန်း လပြည့် ည တစ်ညပဲ လရောင်ကို ခံပြီး ပွင့်လေ့ရှိပြီး အာရုဏ် မတက်ခင် ကြွေလေ့ ရှိလို့ ညနေ ကတည်းက အပင်အောက် မှာ ပိတ်ဖြူ ခင်းပြီး အသင့်စောင့် ရလေ့ ရှိပါတယ်။ အဲဒီ ပန်း နှစ်မျိုးလုံးက အင်မတန် ဆေးဖက်ဝင်လို့ ပရဆေး ဖော်စပ်တဲ့ မြန်မာ့ ရိုးရာ သမားတော်များက တန်ဖိုးထား ကြပါတယ်။

လမင်းကြီး တည်ရှိနေမယ့် ကြယ်တာရာကတော့ Taurus လို့ခေါ်တဲ့ ပြိဿ
ရာသီ ကြယ်တာရာပဲ ဖြစ်ပါတော့တယ်..။

သန့်ဦး (အာကာသနှင့် စကြ၀ဠာ)

No comments:

Post a Comment