ယခုတလော ထူးခြားဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့၏။ ရခိုင်ပြည်နယ်
ဘူးသီးတောင်မောင်တောဒေသသို့ ဘင်္ဂါလီ အကြမ်းဖက်သမားများ ၀င်ရောက် စီးနင်း
တိုက်ခိုက်ခြင်း ကိစ္စ၊ အမေရိကန် ရွေးကောက်ပွဲတွင် အားလုံးက နိုင်မည်
ထင်ထားသော ဟီလာရီ ကလင်တန် ရှုံးနိမ့်ပြီး အများထင် မထားသည့် ဒေါ်နယ်ထရမ့်ပ်
သမ္မတ အဖြစ် ရွေးချယ်ခံရသော ကိစ္စ၊ ထိုရွေးကောက်ပွဲ ကျင်းပသော နေ့မှာပင်
မြန်မာပြည်၌ မီဒီယာတခုနှင့် ၀န်ကြီးချုပ် တဦးတို့ ဖြစ်ပွားသော
နာရီလက်ဆောင်နှင့် ပတ်သက်သော အငြင်းပွားမှု ကိစ္စ၊ ပုဒ်မ ၆၆ (ဃ)ဖြင့်
အရေးယူကြ၊ အမှုဖွင့်ကြသော ကိစ္စများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ အတော်ကို
လှုပ်လှုပ်ခတ်ခတ် ရှိခဲ့သော စူပါ နိုဝင်ဘာပင် ဖြစ်သည်။ ယခုသော်
နိုဝင်ဘာ နောက်ဆုံးပတ်တွင် ထိုသတင်း အားလုံးကို ဖုံးလွှမ်းခဲ့သော
သတင်းနှစ်ခု ဖြစ်ပေါ်ခဲ့ပေ၏။ ပထမသတင်းမှာ လယ်ယာ စိုက်ပျိုးရေးနှင့်
ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာထွန်းဝင်းအား နိုင်ငံတော် သမ္မတ
ဦးထင်ကျော် အမိန့်ဖြင့် ရာထူးမှ ဖယ်ရှားလိုက်မှုဖြစ်သည်။ ထိုသတင်းသည် NLD
ကို ထောက်ခံသူများ ကြားတွင်ရော၊ ဆန့်ကျင်သူများ ကြားတွင်ရော အတော်ကို
လှုပ်ခတ်သွားခဲ့သော သတင်း ဖြစ်သည်။ ဒုဝန်ကြီးကို ဖယ်ရှားလိုက်မှု အပေါ်
ထောက်ခံသူများနှင့် ကန့်ကွက်သူများ အပြန်အလှန် ငြင်းခုန်မှုများ၊
ကိုယ့်ရှုထောင့်နှင့် ကိုယ် ဝေဖန်မှုများ သောသောညံ သွားပေ၏။ ဒုဝန်ကြီးကို
ဖယ်ရှားပြီး နောက်တနေ့ဖြစ်သော နိုဝင်ဘာ ၂၀ ရက်နေ့မှာပင် တုန်လှုပ်စရာ
သတင်းတပုဒ်လည်း တက်လာပါသည်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အပါအ၀င်
မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ် အတွင်းရှိ တပ်မတော်နှင့်
ရဲတပ်ဖွဲ့စခန်းများကို ကေအိုင်အေ ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့က
တပြိုင်နက်တည်း အလစ်အငိုက် ရယူ၍ ၀င်ရောက် တိုက်ခိုက်သဖြင့် (၂၂-၁၁-၂၀၁၆
နေ့စာရင်း အရ) အရပ်သား အပါအ၀င် ကိုးဦးသေ ၂၉ ဦး ဒဏ်ရာရသွားသော သတင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲများကျင်းပပြီး တနိုင်ငံလုံး ငြိမ်းချမ်းရေး အတွက် အားကြိုး
မာန်တက် ဖော်ဆောင်နေချိန်တွင် ဤကဲ့သို့ ဖြစ်ပွားလာသော အရပ်ဘက်အထိ
ရောက်ရှိလာသော တိုက်ပွဲများက စိတ်မချမ်းမြေ့ဖွယ် ဖြစ်သည်။ ငြိမ်းချမ်းရေး
အတွက် ကြီးစွာသော အတားအဆီး ဖြစ်သည်။ ကျွန်တော်တို့ တိုင်းပြည်သည်
လွတ်လပ်ရေး ရပြီးချိန် ကတည်းက စစ်ပွဲများ၊ တိုက်ပွဲ များဖြစ်ပွားခဲ့ရာ
တိုင်းပြည်လည်း ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်သို့ မရောက်နိုင်တော့ဘဲ
စစ်သံသရာ ထဲတွင် နှစ်ပေါင်း ၆၈ နှစ်လုံးလုံး တ၀ဲလည်လည် ဖြစ်နေခဲ့သည်။
စစ်ပွဲများကြောင့် တိုင်းပြည်တွင် မည်သည့် အကျိုးမှမရှိ။ စစ်စရိတ် ထောင်းခြင်း၊ တိုင်းရင်းသားများ သေကျေ ပျက်စီးခြင်း၊ ဒေသဖွံ့ဖြိုးမှု မလုပ်နိုင်ခြင်း နှစ်ဘက် စလုံးတွင် သဘာဝ သယံဇာတများ ပြုန်းတီးခြင်း၊ တိုင်းရင်းသား အချင်းချင်း မုန်းတီးခြင်း၊ နှစ်ဘက်လုံး၌ စစ်အာဏာရှင် စနစ် ပေါ်ပေါက်လာခြင်းတို့သာ အဖတ် တင်သည်။ အင်္ဂလိပ် အုပ်ချုပ်သည့် ခေတ်က ကိုယ့်အချင်းချင်း သတ်ကြသည့် ပြည်တွင်းစစ်ပွဲများ မရှိသည် ဖြစ်ရာ မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ကမ္ဘာ အဆင့်မီခဲ့သည်။ ဆန်စပါး ပြည်ပပို့သည့် လုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်း၊ ပို့ဆောင်ရေး လုပ်ငန်း၊ အခြေခံ အဆောက်အအုံများ တည်ဆောက်သည့်လုပ်ငန်းများ၊ သစ်ထုတ် လုပ်ရေး၊ ကျောက်မျက် တူးဖော်ရေး၊ အခွန်အကောက် ကောက်ခံခြင်း လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ခဲ့သည်။ မြန်မာသည် ကမ္ဘာတွင် တည်ငြိမ်ခဲ့သည်။ စီးပွားဥစ္စာ ကောင်းမွန်ခဲ့သည်။ အင်္ဂလိပ်၏ နယ်ချဲ့စနစ်ကို မကြိုက်သော်လည်း ပြည်တွင်းတွင် ငြိမ်းချမ်းအောင် ထိန်းထားနိုင်သော အုပ်ချုပ်ရေး၊ စစ်ရေးစွမ်းရည်ကို သဘောကျမိသည်။ လာဘ်စားမှု ကင်းစင်သော ဗျူရိုကရေစီ ယန္တရားကို သဘောကျမိသည်။ စစ်ပွဲများ မရှိသောအခါ နိုင်ငံ၏ စီးပွားရေးမှာ ထိပ်တန်းသို့ ရောက်တတ်ကြောင်းကို ကိုလိုနီခေတ်က အကောင်းဆုံး သက်သေပြနိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံသည်အရှေ့တောင်အာရှတွင် အချမ်းသာဆုံး နိုင်ငံအဖြစ်မှ အဆင်းရဲဆုံး နိုင်ငံတနိုင်ငံ ဘ၀သို့ ကျရောက် ခဲ့ရခြင်းတွင် ပြည်တွင်းစစ် ဖြစ်နေခြင်းလည်း အဓိက ကျသော အကြောင်းတခု ဖြစ်သည်။ စစ်ဖြစ်ခြင်းတွင် အကြောင်းပြချက် များစွာရှိသော်လည်း စစ်ပွဲတွေ ရပ်ဖို့ဆိုလျှင် နည်းနှစ်နည်းပဲ ရှိသည်။ ပထမနည်းမှာ စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင်၍ တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းမှတဆင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ဖြစ်သည်။ ဤနည်းမှာ အချိန် အကန့်အသတ် မရှိ ကြာတတ်ပြီး ဘက်ပေါင်းစုံမှ စိတ်ရှည် သည်းခံရန် နိုင်ငံရေး အမြော်အမြင် ကြီးရန် လိုအပ်သော်လည်း ပြည်သူလူထု ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးနည်း လမ်းဖြစ် သည်။ အောင်မြင် ဖို့ဆိုသည်မှာ ခေါင်းဆောင်ကောင်းတွေ လိုအပ်သည်။ တဖက်ထဲမှ မဟုတ်ဘဲ ဆန့်ကျင်ဘက် အဖွဲ့တွေ ဘက်မှလည်း သဘောထားကြီးဖို့ အမြင်ကျယ်ဖို့ လိုသည်။ ပုဂ္ဂလိက အကျိုးစီးပွားတွေ အတ္တတွေကို ရှေ့တန်းမတင်ဖို့လိုသည်။ စစ်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေး ရဖို့ နောက်တနည်းမှာ တဖက်ဖက်မှ အမြစ်ပြုတ်အောင် စစ်တိုက်ခြင်းဖြစ်သည်။ ဤနည်းသည် ပြည်သူလူထု အပါအ၀င် စစ်ပွဲတွင် ပါဝင်သူအားလုံး အထိအခိုက် အဆုံးအရှုံး များလှသော်လည်း တဖက်ဖက်မှ နိုင်သွားလျှင် စစ်ပွဲ ပြီးသွားတတ်ပါသည်။ ဤနည်းဖြင့် ဒုတိယ ကမ္ဘာစစ်ကြီးကို ပြီးဆုံးနိုင်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်၊ တောင်ဗီယက်နမ်နှင့် မြောက်ဗီယက်နမ် တိုက်ကြသော ဗီယက်နမ် စစ်ပွဲများမှာ ဆွေးနွေးပွဲဖြင့် စစ်ကို ရပ်နိုင်ခဲ့သ ည်မဟုတ်။ တဖက်မှအပြတ်အသတ်နိုင်၍ တဖက်မှ ခြွင်းချက်မရှိ လက်နက်ချခြင်းဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် စစ်ပွဲတွေ ကင်းမဲ့၍ ငြိမ်းချမ်းသော နိုင်ငံဖြစ်လိုလျှင် ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းသောနည်းကို နှစ်အကန့်အသတ် တခု ထား၍ ဆွေးနွေးပြီး ထိုဆွေးနွေး ပွဲမအောင်မြင်ခဲ့လျှင် ၆၈ နှစ်ကြာနေပြီ ဖြစ်သော ပြည်တွင်းစစ်ပွဲကို လုံးဝ တဖက်ဖက်မှ အရှုံးအနိုင် ပေါ်အောင် တိုက်ကြဖို့ ကောင်းသည်။
ထိုသို့လုပ်ရန် တောင်ကိုရီးယား၊ အမေရိကန် ပြည်ထောင်စုတို့မှာ လို ၁၈ နှစ်ပြည့်ပြီးသော နိုင်ငံသားတိုင်း စစ်မှု မထမ်း မနေရစနစ်ကို ကျင့်သုံးသင့်က ကျင့်သုံးရပေမည်။ ယခုလို အခြေအနေမျိုးမှာ မြန်မာနိုင်ငံသည် နာတာရှည် ရောဂါ ရနေသူ တယောက်လို ဖြစ်နေပေသည်။ အသက်လည်း မထွက်၊ သက်ဆိုးလည်း မရှည် တရှောင်ရှောင်နှင့် လူမမာ ဖြစ်နေသကဲ့သို့ ရှိပေရာ အသက်ရှင်ရခြင်းမှာ ဝေဒနာခံရဖို့ သက်သက် ဖြစ်နေပေသည်။ အဓိကကတော့ မြန်မာနိုင်ငံမှာ စစ်ပွဲတွေ ရပ်စဲစေချင်သည်။ စစ်ပွဲတွေ အမြစ်ပြတ်ဖို့ လုပ်သင့်သော နည်းလမ်း အားလုံး လုပ်ဆောင်သင့်ပေသည်။ တနိုင်ငံလုံး သေနတ်သံတွေ တိတ်သွားလျှင် တိုင်းပြည်သည် ဖွံ့ဖြိုး တိုးတက် လာမည်မှာ ဧကန်မုချ ဖြစ်သည်။ ဤသို့ ပြောသဖြင့် စာရေးသူသည် စစ်လိုလားသူ စစ်ဝါဒီ မဟုတ်။ စစ်ပွဲတွေကို ရပ်စေလိုသူ ဖြစ်သည်။ သို့သော် လက်နက် ကိုင်ခြင်း၏ အရသာကို မစွန့်လွှတ်နိုင်သူများ ရှိနေသရွေ့  ဆွေးနွေးပွဲ ကို အကြောင်း အမျိုးမျိုးပြ ရှောင်ရှားနေဦးမည် ဖြစ်သည်။ ဖြစ်သင့်သည်ကား အတတ်နိုင်ဆုံး လိုက်လျော၍ ဆွေးနွေး။ ဆွေးနွေးပွဲ ပျက်သုဉ်း သွားလျှင် အရှုံးအနိုင် ပေါ်သည်အထိ တိုက်ကြပေရော့။ မြွေမသေ တုတ်မကျိုးရလဒ်ကို သိပ်မျှော်လင့်၍ မရချေ။ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်လျှင်မူကား၊ သားရွှေအိုး ထမ်းလာသော သုဝဏ္ကသာမ ကိန်းပေတည်း။
ဒါကစစ်ရေးကိစ္စဖြစ်သည်။ တိုင်းရင်းသားချင်း တိုက်နေသော တိုက်ပွဲများ ကိစ္စ ဖြစ်သည်။ မောင်တောလို ဘင်္ဂါလီများ ပါဝင်နေသော ပြည်ပ ကျူးကျော်မှုကတော့ ရှင်းသည်။ ဘာမှ ဆွေးနွေးနေစရာမလို။ အမြစ်ပြုတ် တိုက်ရမည် ဖြစ်သည်။ ထားတော့။ နောက်ထပ် ပြောချင်သည်က ယခုတလော သတင်းကြီးနေသော ဒုဝန်ကြီး တယောက် တာဝန်မှ ရပ်စဲခံရသော ကိစ္စဖြစ်သည်။ ထိုဝန်ကြီးသည် ပညာရှင် တယောက် ဟုလည်း ကျော်ကြားပါသည်။ ဒုဝန်ကြီး မှားသည်၊ မှန်သည်ကို ဝေဖန်ပြလိုရင်း မရှိပေ။ ပြောလိုသည်မှာ နိုင်ငံတော် သမ္မတ ဦးထင်ကျော် သည် ထိုသို့ သမ္မတ အာဏာကို အပြည့်သုံး၍ ပြတ်ပြတ် သားသား ဆောင်ရွက်ခြင်းမှာ ကောင်း၊ မကောင်းဖြစ်သည်။ မှတ်မိနေသော ကာတွန်းတကွက်ရှိသည်။ ကာတွန်းတွင် လူတယောက်က စတိုးဆိုင်သို့ ပစ္စည်းတခု လာဝယ်ရာတွင် သမ္မတကြီး တထုပ်ပေးပါဟု ပြော၏။ ထိုအခါစတိုးဆိုင် ပိုင်ရှင်က ရေခဲထုပ်တထုပ် ပေးလိုက်သည်။ သမ္မတကြီးကို အေးဆေးလွန်းသူ ရေခဲတုံးဟု ကျီစယ်ထားခြင်း ဖြစ်ပုံရသည်။ ယခင်သမ္မတကြီး ဦးသိန်းစိန်ကို နွားနို့သမ္မတကြီး ဟု ခေါ်ဝေါ်ကြပြီး လက်ဖက်ရည်ဆိုင်တွင် နွားနို့တခွက်ဟုမှာလျှင် သမ္မတကြီးတခွက်ဟု မှာကြသည်။ ယခုသမ္မတကြီး ဦးထင်ကျော် ကိုတော့ ရေခဲတုံး သမ္မတကြီးဟု ကင်ပွန်းတပ်ကြ၏။ အဘယ့်ကြောင့် ဆိုသော် သမ္မတကြီး၏ အေးဆေး တည်ငြိမ်လွန်းသော စရိုက်ကြောင့် ဖြစ်ပုံရပါသည်။ ဟုတ်လည်းဟုတ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) ပုဒ်မ ၅၈ တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တ၀န်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်ဟုဖော်ပြပါရှိပေသည်။ အရာရာကို သမ္မတသည်ဦးဆောင်ရပေမည်။ သို့သော် သမ္မတကြီးသည် နဂိုဗီဇအေးသောကြောင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပါတီမှထိပ်တန်းတာဝန်ရှိသူများ၏ ရွေ့ရှားမှုနှုန်းကို လိုက်ပါရွေ့လျားနေသလိုရှိသည်။
တကယ်တော့ ပြည်ပခရီးစဉ်များ၊ အာဆီယံထိပ်သီးအစည်းအဝေးများ၊ ပြည်တွင်းအခမ်းအနားတွင် မိန့်ခွန်းပြောကြားမှုများစသည်တို့သည် သမ္မတကြီးလုပ်သင့်သောကိစ္စများ ဖြစ်ပါသည်။ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကိစ္စများ၊ အကျင့်ပျက်ခြစားသူ တာဝန်မကျေပွန်သူကို အရေးယူ အပြစ်ပေးသောကိစ္စများသည် သမ္မတကြီး ဆုံးဖြတ်သင့်သောကိစ္စများ ဖြစ်သည်။ သို့သော် သမ္မတကြီးသည် အင်းလေးဖောင်တော်ဦးဘုရား သွားရောက်ဖူးမြော်ခြင်း၊ ပင်းတယ ရွှေပင့်ကူလိုဏ်ဂူသို့ ဘုရားပုထိုးသွား ရောက်ဖူးမြော်ခြင်း၊ နေပြည်တော်တွင် ကလေးစာပေစာအုပ်ဈေးရောင်းပွဲတော်သို့တက်ရောက်ဖွင့်လှစ်ပေးခြင်းစသည့်ဘက်တွင် ပို၍ ပျော်မွေ့ဟန် ရှိ၏။ သမ္မတကြီးသည် နိုင်ငံကျော်အမျိုးသားစာဆိုကြီး မင်းသုဝဏ်၏ ရင်သွေးဖြစ်ပြီး ကိုယ်တိုင်လည်း ဒလဘန်းအမည်ရ စာရေးဆရာ တယောက်ဖြစ်ရာ တိုင်းရေးပြည်ရာကိစ္စတွေထက် စာနှင့်ပေနှင့် ဘာသာ တရားနှင့်ငြိမ်းအေးစွာနေလိုစိတ်ပိုမိုတိမ်းညွှတ်ဟန်တူ၏။ ထို့ကြောင့်ပင် ကာတွန်းဆရာများက ရေခဲတုံး သမ္မတကြီးဟု တင်စားခေါ်ဝေါ်ကြခြင်းဖြစ်ပုံရ၏။
လိုရင်းကို ဆက်ကြပါစို့။ ဒုဝန်ကြီးတဦးရာထူးမှ ရပ်စဲခံရသောအခါ ထိုဝန်ကြီးပညာရှင်ဖြစ်သည်၊ မဖြစ်သည်၊ တော်သည်၊ မတော်သည်ကို ဝေဖန်လိုရင်း မဟုတ်။ သမ္မတတယောက်သည် ၀န်ကြီးတဦး၏ စွမ်းဆောင် ရည်နှင့် ခံယူချက်ကို မနှစ်သက်ပါက ရာထူးမှဖြုတ်လိုက်ခြင်းသည် မှန်သလား၊ မှားသလားဟူသော မေးခွန်းကိုပဲ ပြောလိုရင်းဖြစ်သည်။သမ္မတဦးထင်ကျော် ဒုဝန်ကြီးတယောက်ကို ဖြုတ်လိုက်သည်မှာ မှန်ကန် ပါသလား။ ဒါကအဓိကမေးခွန်းဖြစ်သည်။ ဘယ်ဝန်ကြီးမို့လို့၊ ဘယ်ဒုဝန်ကြီးမို့ဆိုတာမျိုးကို ပြောလိုရင်းမဟုတ်။ ရာထူးအဖြုတ်အတပ်များကို သမ္မတစိတ်ကြိုက်ပြုလုပ်ခြင်းသည် ကောင်း၊ မကောင်းဝေဖန်လိုရင်းဖြစ် သည်။ ကျွန်တော့်အမြင်အရပြောရလျှင် သမ္မတသည် အစိုးရအဖွဲ့ဝန်ကြီး၊ ဒုဝန်ကြီးရာထူးများ၊ ပြည်နယ်နှင့်တိုင်း ၀န်ကြီးချုပ်ရာထူးများ အဖြုတ်အတပ် ကိစ္စတွင် တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်သည်။ သူသွားနေသောမူဝါဒနှင့် မကိုက်ညီလျှင် ဖြုတ်မည်၊ ကိုက်ညီသည်ဟုထင်လျှင် ခန့်ထားမည်ဖြစ်သည်။ သမ္မတကြီးကို လူတွေက အေးဆေးလွန်းသူဟု ထင်နေရာ ယခု ရက်ပိုင်းက ဒုဝန်ကြီးတဦးကို သမ္မတလက်မှတ်ထိုး၍ ရာထူးမှရပ်စဲမိန့်ထုတ်ပြန်လိုက်ခြင်းက အားလုံးကို အံ့သြသွားစေသည်။ တို့သမ္မတကြီးလည်း ဘယ်ဆိုးလို့တုန်း၊ ပြတ်ပြတ်သားသားလုပ်ရဲကိုင်ရဲသားပဲဟု လည်ပြန်စောင်းငဲ့ကြည့်ကုန် ကြသည်။ မူအရပြောကြလျှင် နိုင်ငံတော် သမ္မတသည် ပေးအပ်သောတာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယ၀န်ကြီးတဦးဦးအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာ ခြင်းမပြုလျှင် တာဝန်မှရပ်စဲရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅ (ဂ) တွင် ပါရှိ ပေသည်။ ထို့ကြောင့် သမ္မတသည် သူ့လုပ် ပိုင်ခွင့်ကို ကျင့်သုံးခြင်းဖြစ်ပေ၏။ သို့သော် ကျွန်တော်နားမလည်သောအချက်မှာ သမ္မတ က ထိုသို့ရာထူးမှမထုတ်ပယ်မီ မိမိဆန္ဒအရ ရာထူးမှနုတ်ထွက်ရန် (သို့မဟုတ်) နေပြည်တော် ကောင်စီသို့ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ရန် NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ကခေါ်ယူတွေ့ဆုံပြောကြားသည်ဟု ကာယကံရှင် ဒေါက်တာထွန်းဝင်းက ပြောကြားကြောင်း ဒေးလီးအလဲဗင်း သတင်းစာ (၂၀-၁၁-၂၀၁၆)တွင် ဖော်ပြခဲ့သည်။
ထိုအခါ မရှင်းသည်မှာ ဒုဝန်ကြီးတယောက်ကို ရာထူးမှထုတ်ရန်၊ ပြောင်းရွှေ့ရန်လုပ်ပိုင်ခွင့်နှင့် တာဝန်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ တာဝန်ဖြစ်သည်။ ခေါ်ပြောစရာရှိလျှင် သမ္မတကိုယ်တိုင်သော်လည်းကောင်း၊ ဒုတိယသမ္မတ တဦးဦးအားလည်းကောင်း (သို့မဟုတ်) သမ္မတရုံးဝန်ကြီးမှသော်လည်းကောင်း၊ ယုတ်စွအဆုံး နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ကိုယ်စားလှယ်အဖြစ် တရားဝင်ခန့်အပ်ခံထားရသူ တဦးကသော်လည်း ကောင်း ဒုဝန်ကြီးအားခေါ်ယူပြောဆိုရမည်ဖြစ်ပါသည်။ အစိုးရအဖွဲ့၏ လုပ်ငန်းသည် ပါတီလုပ်ငန်းမဟုတ်သဖြင့် ပါတီမှအမှုဆောင်လူကြီး တယောက်၏ အလုပ်မဟုတ်ပေ။ ထို့အခါသမ္မတလုပ်ရမည့်အလုပ်ကို ဦးဝင်းထိန်က ၀င်ရောက်လုပ်ကိုင်ခြင်းကြောင့် သမ္မတသည် ဦးထင် ကျော်လား၊ ဦးဝင်းထိန်လားဟုပင် ဇဝေဇ၀ါဖြစ်မိပါသည်။ နိုင်ငံတော်ပြန်တမ်းတွင်တော့ နိုင်ငံတော်သမ္မတမှာ ဦးထင်ကျော်ဟုရေးသားထုတ်ပြန်ထားပါသည်။ ပြောလိုရင်းမှာ ၀န်ကြီးတယောက်ကို သမ္မတကြီးက ရာထူးမှ ဖြုတ်ခြင်း၊ ခန့်ခြင်းကိစ္စကို ထောက်ခံသော်လည်း ဦးဝင်းထိန်ထိုကိစ္စတွင် ပါဝင်ပတ်သက်နေတာ သဘာဝမကျကြောင်းပြောလိုရင်းဖြစ်သည်။ ဦးဝင်းထိန်သည် ပါတီအမှုဆောင်လူကြီးဖြစ်သော်လည်း အစိုးရအဖွဲ့တွင် ပါဝင်သူမဟုတ်ပါ။ ကျွန်တော်တို့နိုင်ငံတွင် အရောရော အထွေးထွေး ဖြစ်နေသည်များ ရပ်တန့်ဖို့အချိန်တန်ပါပြီ။ အစိုးရသည် အစိုးရအလုပ် လုပ်၊ နိုင်ငံရေးပါတီသည် နိုင်ငံရေးပါတီအလုပ်လုပ်၊ လွှတ်တော်သည် လွှတ်တော်အလုပ်ကိုလုပ်၊ တရားစီရင်ရေးသည် တရားစီရင်ရေးအလုပ်ကိုလုပ်၊ တပ်မတော်သည် တပ်မတော်အလုပ်လုပ်၊ ရဲတပ်ဖွဲ့သည် ရဲတပ်ဖွဲ့အလုပ်ကိုလုပ်၊ ၀န်ထမ်းသည်ဝန်ထမ်း အလုပ်ကိုလုပ်ကြလျှင် နိုင်ငံတော် တိုးတက်ကြီးပွားပါမည်။ ထိုသို့မဟုတ်ဘဲ Separation of Power ကို ခွဲဝေမကျင့်သုံးဘဲ ပါလေရာဆားကဲ့သို့ တမိုးလုံးဖျောက်ဆိပ် လုပ်နေကြလျှင် Balance of Power ခေါ် အာဏာဟန်ချက်ပျက်သွားပေလိမ့်မည်။ န၀တ၊ နအဖစစ်အစိုးရခေတ်က ဗိုလ်ချုပ်ခင်ညွန့်တို့အဖွဲ့ နေရာတကာ ၀င်ပါကဲ့သို့ ပြန်ဖြစ်သွားပါမည်။ ထို့ကြောင့် ပါတီကိစ္စများကို သမ္မတဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ၀င်မစွက်ဖက်သလို အစိုးရ လုပ်ရမည့်အလုပ်များကိုလည်း ပါတီက ၀င်ရောက်မစွက်ဖက်ဖို့လိုသည်။
သို့သော်ကျွန်တော်တို့နိုင်ငံသည် စတည်ကတည်းက ကြီးမားသော အားနည်းချက်ရှိခဲ့သည်။ ထိုအားနည်းချက်မှာ သမ္မတဦးသိန်းစိန် လက် ထက်မှာရော၊ သမ္မတဦးထင်ကျော်လက်ထက်မှာရော သမ္မတများသည် အစိုးရအဖွဲ့ကို သူတို့စိတ်တိုင်းကျ ဖွဲ့ခွင့်မရခဲ့ခြင်း ဖြစ်သည်။ အထက်မှချပေးသော ၀န်ကြီးစာရင်းကိုသာ လက်ခံ၍အလုပ်လုပ်ခဲ့ရသည်။ တပ်မတော် မှချပေးသော ၀န်ကြီးသုံးပါးကိုသာဆိုလိုသည် မဟုတ်သေး။ ဦးသိန်းစိန်အစိုးရအဖွဲ့၏ အမည်စာရင်းအားလုံးကိုတင်သွင်းသူမှာ ဗိုလ်ချုပ် မှူးကြီးသန်းရွှေဖြစ်သည်။ ဦးသိန်းစိန်၊ ဦးရွှေမန်း အပါအ၀င် သူပုံစံချခန့်အပ်သွားသော လူစာရင်းကိုကျန်သူများက လိုက်နာအလုပ်လုပ်ရခြင်းဖြစ်သည်။ ထို့ကြောင့် သမ္မတသည်အထွတ်အထိပ်ဆိုသော်ငြား ဦးသန်းရွှေ အလိုတော်ကျ ဖွဲ့စည်းခဲ့သော ၀န်ကြီးအဖွဲ့သာဖြစ်ခဲ့သည်။ သမ္မတ ဦးထင်ကျော်လက်ထက်တွင်လည်း ထိုစဉ်က NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အနိုင်ရပါတီခေါင်းဆောင်တယောက်အနေနှင့် အစိုးရအဖွဲ့စာရင်းကို ရွေးချယ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ သမ္မတဦးထင်ကျော်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ပင် တင်မြှောက်ရန် လူစာရင်းပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အစိုးရအဖွဲ့ကက်ဘိနက်သည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဦးသန်းရွှေအလိုကျဖွဲ့စည်းခဲ့ပြီး ဦးထင်ကျော်လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်အလိုကျဖွဲ့စည်းထားခဲ့ခြင်းဖြစ်ရာ သမ္မတများထက် သူတို့နောက်ကွယ်ကပုဂ္ဂိုလ်များက ပိုမိုအာဏာရှိနေလေသည်။ ထို့ကြောင့် ၀န်ကြီးများရာထူးမှဖြုတ်ခြင်း၊ ပြောင်းရွှေ့ခြင်းများကို လုပ်သောအခါတွင်လည်း သမ္မတများသည် နာမည်ခံလက်မှတ်ထိုးရတာ လောက်များ ဖြစ်မလားဟု တွေးမိပါသည်။ သေချာသည်ကတော့ အလုပ်ခန့်ရာတွင် ကိုယ့်အာဏာမတည်ခဲ့သော ပုဂ္ဂိုလ်တယောက်အား အလုပ်ဖြုတ်ရာတွင်လည်း ထိုသူသည် အာဏာရှိမည်မထင်ပေ။ ထို့ကြောင့်ပဲ ဦးဝင်းထိန်သည် ၀င်ပါနေသလားဟု တွေးမိပါသည်။ ဘာပဲဖြစ်ဖြစ် အစိုးရကိစ္စတွင် သမ္မတသည်သာ အခရာဖြစ်သည်။ ပါတီမှ ၀င်ပါနေသည်ကတော့ မြင်လို့မကောင်းချေ။ ပါတီဝင်အချင်းချင်းမို့ ပြောစရာရှိလျှင် အခြားကိစ္စပြောသင့်ပြီး ၀န်ကြီးရာထူးနုတ်ထွက်သည့်ကိစ္စ ဌာနပြောင်းရွှေ့သည့် ကိစ္စများ မပြောအပ်ပေ။
နိဂုံးချုပ်ပြောရလျှင် သမ္မတသည် မိမိနှင့်မူဝါဒမတူသူ၊ စိတ်ကျေနပ်မှုမရှိသူ ၀န်ကြီးတဦးကို လမ်းခွဲတာ အမှားမဟုတ်ပါ။ ပြတ်ပြတ် သားသားလုပ်နိုင်ပါသည်။ ထိုသို့လုပ်ရာတွင် မိမိသဘောဆန္ဒအာဏာအပြည့်ဖြင့် ဆောင်ရွက်ခဲ့လျှင် ပို၍ကောင်းပါသည်။ ထိုသို့ သဘောထားမတိုက်ဆိုင်သော ၀န်ကြီးတဦးကို ရာထူးမှရပ်စဲသလို အကျင့်စာရိတ္တမကောင်းသော ၀န်ကြီးများကိုလည်း ရာထူးမှရပ်စဲပါ။ အကျင့်ပျက်ခြစား သည်ဟု သံသယရှိသူ ၀န်ကြီး၊ ဒုဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ချုပ်များ အားလည်း စုံစမ်း စစ်ဆေး အရေးယူပါ။ လူမှုရေးဖောက်ပြန်၍ တလင် တမယား ဥပဒေကို ပမာမခန့်လုပ်နေသော ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်များ အားလည်း ပြတ်ပြတ် သားသား ကိုင်တွယ်အရေးယူပါ။ ခရိုနီများနှင့် ပလူးပလဲ လုပ်နေသော အစိုးရ အရာရှိကြီးများ အားလည်း ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပါ။ ၀န်ကြီးများကို ပညာပြနေသော အရာရှိဆိုးများ အားလည်း အရေးယူပါ။ မှန်မှန်ကန်ကန် ဆောင်ရွက်နေ သောသူများကို အကာအကွယ်ပေးပါ။ ချီးမြှင့် မြှောက်စားပါ။ ထိုသို့ဆိုလျှင် ကာတွန်းဆရာများက ကျီစယ်ခေါ်ဝေါ်နေသော ရေခဲတုံးသမ္မတကြီးဟူသော အမည်ပျောက်သွားပြီး သွက်လက် ထက်မြက်၍ ပြည်သူလူထုနှင့် တသားတည်း ရှိသော၊ ပြည်သူကို ရေလိုအေးမြစေသော၊ ရပ်တည်စရာ မြေကြီးလို အကာအကွယ်ပေးသော၊ အသက်ရှူရန် လေပြေ လေညင်းလို အသက်ဓာတ်ကို ပေးသော၊ ရန်သူကိုမီးလို ကျင့်သုံးသော ရေမြေလေမီးသမ္မတကြီးဟု အားလုံးက ခေါ်ဝေါ်ကြမည်ဖြစ်ပါကြောင်း။
သရ၀ဏ်(ပြည်)
News Watch

No comments:
Post a Comment