တစ်ခါတုန်းက သိမ်းငှက်မတစ်ကောင်ဟာ ကောင်းကင်မှာ ပျံဝဲနေတုန်း ဥအုချင်စိတ်
ထိန်းမရ ဖြစ်လာခဲ့တယ်တဲ့…။
ဖြစ်ချင်တော့ ကြက်မတစ်ကောင်ကလည်း
အဲ့ဒိအောက်မှာ ဥဝပ်နေခဲ့တယ်…။
ဒါကြောင့်သိန်းငှက်မဟာ မြေပြင်မှာ ဥဝပ်နေတဲ့ ကြက်မဝပ်ကျင်း ရှိရာကို ထိုးဆင်းလာခဲ့တယ်။ သိန်းငှက်မကိုတွေ့တော့ ကြက်မက ပြေးသွားတာပေါ့။
ဒီလိုနဲ့ ကြက်မ ဝပ်ကျင်းထဲ သိန်းငှက်မဟာ ဥအုပြီး ပြန်ထွက်သွားခဲ့တဲ့နောက်မှ
ကြက်မဟာ သူ့ဝပ်ကျင်းသူပြန်ဝပ်နေခဲ့တယ်…။
အချိန်တွေတစ်ဖြည်းဖြည်းကြာလာခဲ့တဲ့နောက်မှာတော့ သိန်းငှက်ဥလေးဟာ ကြက်ဥတွေနဲ့အတူတူ အကောင်ပေါက်လာခဲ့တော့တာပေါ့။
ကြက်နဲ့သိန်းငှက်ဆိုတာ အရွယ်အစားအရရော ပုံသဏ္ဍန်ကပါ ငယ်စဉ်သိပ်မကွာတော့ ကြက်တွေအားလုံးက သိန်းငှက်လေးကို ကြက်လို့ထင်ကြသလို သိန်းငှက်လေးဟာလည်း သူ့ကိုယ်သူ ကြက်လို့ပဲ ထင်နေခဲ့တယ်တဲ့…။
''ဘုတ်ထိုင်းလေး''
ဒါဟာ ကြက်တွေ သိန်းငှက်ကလေးကို ခေါ်တဲ့ အမည်ပေါ့။
သိန်းငှက်ကလေးက ကြက်တွေထက်စာရင်တော့
နည်းနည်း အကောင်ထွားတာကိုး။
တစ်နေ့မှာတော့ သိန်းငှက်ကလေးအပါအဝင် ကြက်တွေအုပ်လိုက် အစာရှာနေတုန်းးး
''ပြေးးကြဟေ့''
''ပုန်းနေကြ''
''ဝပ်နေ ဝပ်နေ''
''ဟာ သေကုန်တော့မှာပဲ''
အစရှိတဲ့ ကြောက်လန့်တစ်ကြား အော်သံတွေနဲ့အတူ ကြက်အုပ်ကြီးတစ်ခုလုံ ကမ္ဘ္ဘာပျက်တော့မယ့်အတိုင်း
ပုန်းသူကပုန်း အော်သူကအော်နဲ့ ဆူညံ့ပွက်လောရိုက်သွားတယ်။
သိန်းငှက်လေးဟာလည်း တစ်ခြားကြက်တွေနည်းတူ
ကြောက်လန့်တစ်ကြား ပုန်းနေတာပေါ့။
သိန်းငှက်လေးဟာ ပုန်းနေရင်းနဲ့ မလှမ်းမကမ်းမှာဝပ်နေတဲ့ ကြက်အိုကြီးကို မြင်တော့ လှမ်းမေးလိုက်တယ်…။
''အဘ ကျွန်တော်တို့ ဘာကြောက်လို့ ပုန်းနေရတာလဲဟင်…''
ကြက်အိုကြီးဟာ ထိတ်ထိတ်လန့်လန့်နဲ့ ဘေးဘီဝဲယာကို လှမ်းကြည့်လိုက်ပြီးမှ ဘုတ်ထိုင်းလေးအမေးကို ပြန်ဖြေတယ်…။
''ဟိုးး အပေါ်ကို မော့ကြည့်လိုက်စမ်း ဘုတ်ထိုင်းလေး… ငှက်တစ်ကောင် ပျံနေတာတွေ့လား''
ကြက်အိုကြီး ညွှန်ပြတဲ့ဆီကို သိန်းငှက်လေး မော့ကြည့်လိုက်ပြီး
''တွေ့တယ် အဘ''
''အေး အဲ့ဒါ သိန်းငှက်လို့ ခေါ်တယ်။ ငှက်တွေထဲမှာတော့ ဂုဏ်အရှိဆုံးနဲ့ စွမ်းအား အကြီးဆုံးပေါ့။
သူဟာ ငါတို့လိုကြက်တွေနဲ့ အရွယ်အစားရော ပုံသဏ္ဍန်ပါ သိပ်မကွာပေမယ့် ပျံသန်းနိုင်တာကြတော့
တို့လို ဝါးတစ်ရိုက်သာသာလောက်ပဲမဟုတ်ဘူး။ ဟိုးပေပေါင်း သောင်းချီအမြင့်ထိ တတ်နိုင်ပြီး တောင်ဝန်ရိုးစွန်းကနေ မြောက်ဝန်ရိုးစွန်းထိ ပျံသန်းနိုင်တယ်ကွ။
နောက်ပြီး ငါတို့လို တစ်နေကုန်မြေကြီးယက်ပြီးမှ မဆို့မပို့ ပိုးကောင်မွှားကောင်သေးသေးလေးလောက်ပဲ မဝမလင် စားရတာမဟုတ်ဘူး။
အဲဒိ အမြင့်ကြီးကနေပြီးတော့မှ အောက်ကိုလှမ်းကြည့်ပြီး တို့လိုကြက်ကလေးတွေ
ဝက်ပေါက်ကလေးတွေ မြွေတွေ စတဲ့အကောင်တွေကို ထိုးသုတ်ပြီးမှ စားတာကွ။
အမြင့်ကြီးကနေလည်း ငါတို့လို
အောက်ကကောင်တွေကို ကောင်းကောင်းမြင်နိုင်တယ်။ သိပ်ပြီးမျက်စိလျှင်တဲ့ ငှက်မျိုးတွေပေါ့ကွာ။
အခုလည်း ငါတို့ကိုမြင်သွားမှာဆိုးလို့ ပုန်းနေကြရတာပေါ့ ဘုတ်ထိုင်းလေးရ…''
…………………
…………………
ဒီလိုနဲ့
သိန်းငှက်လေးဟာ ကြက်အိုကြီးပြောပြတဲ့
သိန်းငှက်တွေအကြောင်းသိပြီး သိန်းငှက်ဘဝကို အရမ်းအားကျသွားတော့တာပေါ့…။
သူနဲ့တွေ့တဲ့သူတိုင်းကိုလည်း သိန်းငှက်တွေ အကြောင်း အားရပါးရပြောပြလေ့ရှိတယ်တဲ့…။
ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက သိန်းငှက်လေးဟာ သူ့ကိုယ်သူ သိန်းငှက်မျိုးမှန်း သိမသွားဘဲ သိန်းငှက်တွေအကြောင်း ပြောပြတတ်တဲ့ ကြက်ဘုတ်ထိုင်းလေးဘဝနဲ့
ဝါးတစ်ရိုက်သာသာ ဖလက်ဖလက်ပျံရင်း…
တစ်နေကုန် ပင်ပင်ပန်းပန်း ကြက်လို မြေကြီးယက်
ပိုးကောင်မွှားကောင်လေးလောက် မဝမလင် စားရင်းသောက်ရင်းနဲ့ သူ့ဘဝ အဆုံးသတ် သွားခဲ့ရတယ်တဲ့…။
……………………………
သိန်းငှက်မျိုး ဖြစ်ပေမယ့် ဘုတ်ထိုင်းလေးကတော့ ကြက်ဘဝနဲ့သာ နိဂုန်းချုပ်သွားခဲ့ရတယ်ပေါ့…
ဒါဆို ကျွန်တော်တို့ကရော…?
အမျိုးမျိုးသော အကြောင်းကြောင်းနဲ့ ဝါးတစ်ရိုက်
သာသာလောက်ပျံခွင့်ရှိတဲ့…
မဆို့မပို့လောက်ကို တစ်နေကုန်ယက်ရှာနေရတဲ့…
ကြက်ဘုတ်ထိုင်းလေးအဖြစ်နဲ့ပဲလားး?
ကျွန်တော်တို့ဟာ သိန်းငှက်မျိုးတွေရော ဖြစ်မနေနိုင်ဘူးလား?
ဘယ်သူသိမလဲ…?
လေးစားလျက်…
Zar Ni Nyunt Lwin

No comments:
Post a Comment